နား၊နှာခေါင်း၊လည်ချောင်း ကျန်းမာရေး

အရေးမကြီးပါဘူးဆိုပြီး လူတွေအလွယ်တကူပေါ့ပေါ့လျော့လျော့နေတတ်တဲ့ နား၊နှာခေါင်း၊လည်ချောင်းဆိုင်ရာ ရောဂါများအကြောင်းကို ဗဟုသုတအနေနဲ့ ကျွန်တော်တို့အာရှတော်ဝင်ကနေ မျှဝေပေးပါရစေ ။
နား၊နှာခေါင်း၊လည်ချောင်း နဲ့ပတ်သက်ပြီး လူတွေဟာ သိပ်ဂရုမစိုက်မိဘဲ မေ့မေ့လျော့လျော့နေတတ်ကြပါတယ်။
တကယ်တော့ နား၊နှာခေါင်း၊လည်ချောင်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ ဒွာရ (၉) ပေါက်လုံးနဲ့ ဆက်သွယ်နေတာကြောင့် သေချာဂရုစိုက်ဖို့လိုပါတယ်။ ထိုအပေါက်တွေကနေ ရောဂါပိုးတွေ အလွယ်တကူ အချိန်မရွေး ဝင်လာနိုင်ပါတယ်။ အဲ့ဒီကမှတဆင့် တခြားခန္ဒာကိုယ်အစိတ်အပိုင်းတွေဆီ ပျံနှံ့ပြီး ဆက်စပ်ရောဂါတွေဖြစ်ကာ ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်နိုင်ပါတယ်။ အဲ့ဒါကြောင့်နား၊နှာခေါင်းနဲ့ လည်ချောင်းဆိုင်ရာ အစိတ်အပိုင်းများကို သန့်ရှင်းအောင်ထားဖို့ လိုပါတယ်။
“ နား ”

နားနဲပတ်သက်ပြီး နားကိုက်ခြင်း၊ နားလေထွက်ခြင်း၊ နားပြည်ယိုခြင်း ၊ နားလေးခြင်းတို့ဟာအဖြစ်များပါတယ်။
နားကိုက်ရင် ဘယ်လောက်ခံရခက်တယ်ဆိုတာ အကုန်သိကြပါတယ်။ တကယ်တော့နားကိုက်တာဟာ ကြိုတင်ကာကွယ်လို့ရပါတယ်။ နားကို အနာမပေါက်အောင်၊ နားအုံမရောင်အောင်ထားနိုင်ရင်နားမကိုက်ပါဘူး။ နားကို မသန့်ရှင်းတဲ့ လက်တွေနဲ့ထိုးတာတို့၊ နားထဲရေဝင်အောင်ရေချိုးမိတာတို့ကိုရှောင်ကျဉ်ရမှာဖြစ်ပါတယ်။ အထပ်ထပ်အသုံးပြုထားတဲ့ နာဖာချေးကလော်တံတွေကိုလည်း ပြန်အသုံးမပြုသင့်ပါဘူး။

နားပြည်ယိုတာကတော့ နှာစေး၊ချောင်းဆိုးအအေးပတ်ရာမှတစ်ဆင့်ဖြစ်တတ်ပါတယ်။ နှာစေးနေတဲ့ အချိန်မျိုးမှာ နှပ်ချေးညှစ်ပြီဆိုရင် နှာခေါင်းပေါက် ၂ ပေါက်စလုံးကို ပိတ်ပြီးမညှစ်မိစေဖို့ သတိပြုပေးပါ။ နှာခေါင်းပေါက်တစ်ဖက်ကိုသာပိတ်ပြီး ကျန်တစ်ပေါက်ကို လေထွက်ပေါက်ပေးပြီး ဖြည်းဖြည်းလေးညှစ်ပေးသင့်ပါတယ်။ နားပြည်ယိုပြီရင်တော့ သက်ဆိုင်ရာနား၊နှာခေါင်း၊လည်ချောင်း ဆရာဝန်နဲ့ အမြန်ဆုံးြ့ပသသင့်ပါတယ် ။ နားပြည်ယိုတာကို မကုဘဲရေရှည်ထားရင် နားလေးတဲ့ အထိဖြစ်သွားနိုင်ပါတယ်။ တခါတလေ ရောဂါပိုးဟာ ဦးနှောက်ထိရောက်သွားပြီး အသက်အန္တာရာယ်ကိုပါ ထိခိုက်နိုင်ပါတယ်။

နားလေးခြင်း နဲ့ နားလေထွက်ခြင်းဟာ တခြားအကြောင်းအမျိုးမျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။ မွေးရာပါနားလေးရောဂါပါလာတာမျိုးလည်းရှိပါတယ်။ မွေးရာပါ နားလေးရောဂါပါလာရင်လည်း စောစောစီးစီးကုသရင် အချိန်မှီနိုင်ပါသေးတယ်။ နားလုံးဝကန်းမသွားအောင်ကာကွယ်လို့ရပါတယ်။ ပြီးတော့ မွေးကင်းစကနေ လသားကလေးအရွယ် ကလေးလေးတွေ နို့အန်ပြီဆိုရင်လည်း ကလေးခေါင်းကို အရှေ့သို့ငုံ့ပေးခြင်းဖြင့် နို့အန်ဖတ်များ ကလေးနားလေပြွန်မှာသွားမပိတ်ဆို့အောင်ကာကွယ်နိုင်ပါတယ်။

“ နှာခေါင်း ”

နှာခေါင်းနဲ့ပတ်သက်ပြီးတော့က နှာစေးခြင်း၊နှာပုပ်ခြင်းအပြင် ထိပ်ကပ်နာတို့ဖြစ်တတ်ပါတယ်။ နှာခေါင်းဟာ အဓိကအသက်ရှုရတဲ့အရာဖြစ်သောကြောင့် နှာခေါင်းကိုတော့ သန့်ရှင်းအောင်ထားဖို့လိုပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းဖို့နဲ့ကိုယ်ခံအားကောင်းဖို့ လိုပါတယ်။ အရေးကြီးဆုံးကတော့ နှပ်ညှစ်တဲ့အခါ ကျွန်တော်တို့အပေါ်ကပြောခဲ့သလို နှာခေါင်းပေါက်တစ်ပေါက်တည်းကိုပဲပိတ်ပြီး ကျန်တစ်ဖက်ကိုဖွင့်ပေးထားကာ ဖြေးညှင်းစွာညှစ်ဖို့ လိုပါတယ်။ နှာစေး ၊ချောင်းဆိုး ရောဂါတွေဟာ လေမှတဆင့် ပျံ့နှံ့တဲ့ Virus တွေကတစ်ဆင့် ဖြစ်ပွားတတ်တဲ့ရောဂါတွေဖြစ်တာမို့လူထူထပ်တဲ့နေရာတွေသွားရင်နှာခေါင်းစည်းစည်းထားနိုင်ရင်အကောင်းဆုံးပါပဲ ။

“ လည်ချောင်း ”

လည်ချောင်းနဲ့ပတ်သက်လို့ကတော့ တော်တော်အရေးကြီးပါတယ်။ သာမာန် လည်ချောင်းနာတာ ၊ အသံဝင်တာ ၊ အာသီးရောင်တာတွေအပြင် လည်ချောင်းကင်ဆာလိုရောဂါမျိုးပါဖြစ်နိုင်တာကြောင့်ပါ။ လည်ချောင်းကင်ဆာဟာ အသက်ရှူလမ်းကြောင်းကိုပါ ပိတ်ဆို့ထိခိုက်စေတာမို့ အသက်အန္တရာယ်ပါရှိတဲ့ ရောဂါဖြစ်ပါတယ်။ လည်ချောင်းကင်ဆာစဖြစ်ပြီဆိုရင်တော့ မကြာခဏ အသံဝင်ခြင်း ၊လည်ပင်းမှာ အကျိတ်သေသေးလေးများထွက်လာခြင်းနဲ့ အသက်ရှူကြပ်ခြင်း ၊ လည်ပင်းမှာ တခုခုတစ်ဆို့နေသလို ခံစားရခြင်းများဖြစ်တတ်ပါတယ်။ ဒီလိုစဖြစ်ပြီဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့အမြန်ဆုံးပြသပြီး ကုသမှုခံယူတာ အကောင်းဆုံးပါပဲ။ လည်ချောင်းကင်ဆာဟာ ဆေးလိပ်သောက်ခြင်း၊ ကွမ်းဝါးခြင်း၊ အရက်သောက်ခြင်းများမှ အဖြစ်များသောကြောင့် တတ်နိုင်သလောက်ရှောင်ကျဉ်စေချင်ပါတယ်။

နောက်ဆုံးအနေနဲ့ပြောရရင်တော့ နား၊နှာခေါင်း၊လည်ချောင်းရောဂါများဟာ ဖြစ်ရင်သာ ကုသရခက်တာ ကာကွယ်ရတာတော့ အင်မတန်လွယ်ပါတယ်။ မိမိတစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းများကိုသန့်ရှင်းအောင်ထားခြင်း၊ မသန့်ရှင်းသောလက်ဖြင့် နားပေါက်များ၊ နှာခေါင်းပေါက်များ ကိုထိုးသွင်းကလိခြင်းများကို အထူးရှောင်ကျဉ်နိုင်ရင် အဆင်ပြေပါတယ်။ မိမိ အမှတ်မထင်လုပ်မိနေသော အပြုအမူသေးသေးလေးများကိုရှောင်ကျဉ်ခြင်းဖြင့် နား၊နှာခေါင်း၊လည်ချောင်းနဲ့ ပတ်သက်သောရောဂါများကနေကင်းဝေပျော်ရွှင်ကြပါစေလို့လည်း အာရှတော်ဝင်ကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။