နှလုံးအကြောင်းသိကောင်းစရာ

လူ့ခန္ဓာကိုယ်ဟာ ကားတစ်စီးဆိုရင် နှလုံးဟာ အင်ဂျင်နဲ့တူပါတယ်။ လူတစ်ယောက်အသက်ရှင်ဖို့အတွက်အဓိက မောင်းနှင်ပေးနေတာဟာ နှလုံးဖြစ်တဲ့အတွက်နှလုံးကျန်းမာရေးဟာ အရေးကြီးပါတယ်။ နှလုံးမှာ ကြွက်သားသုံးထပ်ရှိပြီး အခန်း ၄ ခန်းရှိပါတယ်။ လူတစ်ယောက်ရဲ့ ရင်ဘတ်အလယ်ပိုင်းနဲ့ အဆုတ်နဲ့ကြားမှာ တည်ရှိပါတယ်။ ပုံမှန်လူတစ်ယောက်ရဲ့ နှလုံးဟာ လက်သီးဆုပ်အရွယ်ရှိပြီး တစ်မိနစ်ကို အကြိမ် ၆၀ မှ ၁၀၀ ကြားနဲ့ တနေ့ကို အကြိမ်ပေါင်း ၁၀၀၀၀ လောက်ခုန်ပါတယ်။ နှလုံးရဲ့အဓိကတာဝန်ကို နှလုံးကြွက်သားတွေက ထမ်းဆောင်ကြပါတယ်။ နှလုံးရဲ့ကြွက်သားတွေက Contraction လို့ခေါ်တဲ့ ညှစ်ထုတ်ခြင်းနဲ့ Relaxation လို့ခေါ်တဲ့ လျော့ချခြင်းတို့ကို စနစ်တကျပြုလုပ်ပေးမှသာ နှလုံးဟာကောင်းစွာအလုပ်လုပ်တာပါ။ ဒါမှပဲ နှလုံးကျန်းမာတယ်လို့ခေါ်နိုင်ပါတယ်။

နှလုံးရဲ့ကြွက်သားတွေကျန်းမာဖို့အတွက် အောက်ဆီဂျင်ပါတဲ့သွေးတွေလိုပါတယ်။ အဲ့ဒီသွေးကိုပို့လွှတ်ပေးနေတဲ့ သွေးကြောတွေကို Right & Left Coronary arteries (ဘယ်/ညာ ကိုရိုနရီ သွေးကြောများ) လို့ခေါ်ပါတယ်။ အဲ့ဒီသွေးကြောလေးတွေ ကျဉ်းသွားတာကို နှလုံးသွေးကြောကျဉ်းလို့ခေါ်တာဖြစ်ပြီး နှလုံးနဲ့ပတ်သက်ပြီး လူတွေအဖြစ်များဆုံးရောဂါပါပဲ။

ကျွန်တော်တို့ အာရှတော်ဝင်ဟာ ဆေးပညာရပ်ဆိုင်ရာရှင်းလင်းမှုများထက် မိဘပြည်သူများကျန်းမားရေးဗဟုသုတရရှိရေးကိုသာ ဦးတည်တာမို့ နှလုံးရဲ့အသေးစိတ်အလုပ်လုပ်ပုံထက် နှလုံးကျန်းမာရေးအတွက် ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာ ပိုပြီးတင်ဆက်ပေးပါရစေ။

နှလုံးကျန်းမာဖို့အတွက်အရေးကြီးဆုံးကတော့ လေ့ကျင့်ခန်းနဲ့ အစားအသောက်ပါ။ လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာကတော့ နှလုံးအတွက်မှမဟုတ်ဘဲ လူတစ်ယောက်အတွက်မဖြစ်မနေလိုအပ်တဲ့ အရာမို့ လေ့ကျင့်ခန်းလုပ်ဖို့ကတော့ ကျွန်တော်တို့ အမြဲတမ်းတိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့်နှလုံးအတွက်ကတော့ လေ့ကျင့်ခန်းအပြင်းစားကြီးတွေမလိုပါဘူး။ ကခုန်ခြင်းနဲ့လမ်းမှန်မှန်လျှောက်ခြင်းဟာ နှလုံးသွေးလည်ပတ်မှုစနစ်ကို အထောက်အကူဖြစ်စေပါတယ်။

အဓိကကတော့ အစားအသောက်ပါပဲ။ နှလုံးသွေးကြောကျဉ်းတာ ၊ နှလုံးနဲ့ဆက်စပ်တဲ့ရောဂါတွေဖြစ်လို့ ဆေးခန်းသွားပြတဲ့အခါ ဆရာဝန်အများစုက သင့်ကိုဘာတွေအများဆုံးစားသလဲလို့မေးကြမှာပါ။ အဲ့ဒါကြောင့် နှလုံးကျန်းမာရေးအတွက် ရှောင်ရမယ့်အစားအစာတွေနဲ့စားရမယ့်အစားအစာတွေကိုတွဲဖက်တင်ပြပေးလိုက်ပါတယ်။

ကိုလက်စထရောကိုရှောင်ပြီး / အနီရောင်ကိုဆောင်ပါ

ကိုလက်စထရောဟာ သွေးကြောတွေကိုဒုက္ခအပေးဆုံးပါ ။ အဲ့ဒါကြောင့်စားသောက်တဲ့အခါတိုင်းမှာ ကိုလက်စထရောပါဝင်မှုနည်းတဲ့ အစားမျိုးကိုရှောင်ပြီး ကရိုတီနွိုက်ဓာတ်နဲ့အင်တီအောက်ဆီးဒင့်တွေပါတဲ့ စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဖရဲသီး၊ ခရင်မ်ဘယ်ရီ၊ သလဲသီး၊ ခရမ်းချဉ်သီး၊စပျစ်သီးတွေကို များများစားပေးပါ ။ ဒီအစားစာတွေဟာ ဆဲလ်တွေ ပျက်စီးမှုကို ကာကွယ်ပေးတဲ့အပြင် ဗီတာမင်စီပါ ထပ်ဆောင်းပါဝင်တာမို့ နှလုံးရောဂါသည်တွေအတွက် အကောင်းဆုံး အာဟာရပါလို့ ဆေးပညာရှင်တချို့ကဆိုပါတယ်။

ဆိုဒါကိုရှောင်ပါ / ဟင်းခတ်အမွှေးကြိုင်သုံးပါ

ဆိုဒါဟာ သကြားဓာတ်အလွန်ပါတာမို့ အဝလွန်ပြီး နှလုံးရောဂါကိုပါဖြစ်ပွားစေနိုင်ပါတယ်။ ဟင်းခတ် အမွှေးအကြိုင်တွေကတော့ ရောဂါတချို့ကို တိုက်ထုတ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ဟင်းလျာတခုခုချက်ပြုတ်တဲ့အခါမှာ သစ်ကြံပိုးခေါက်၊ ဇာတိပ္ဖိုလ်သီး၊ ပင်စိမ်းပင်၊ ငရုတ်ကောင်းစတဲ့ ဟင်းခတ် အမွှေးအကြိုင်တွေ ကိုသုံးပေးတာ နှလုံးအတွက်သင့်တော်ပါတယ်။

သစ်သီးဖျော်ရည်ကိုရှောင်ပါ / သစ်သီးကိုဖျော်သောက်ပါ ။

ဆိုလိုရင်းကတော့ Ready – made သစ်သီးဖျော်ရည်တွေနဲ့ ဖျော်ရည်အဆီတွေကို မသောက်စေချင်တာပါ ။ လတ်လတ်ဆတ်ဆတ်သစ်သီးတွေကို အသီးချည်းပဲဖျော်သောက်တာအကောင်းဆုံးပါပဲ။

Fast food နဲ့ sausage တွေကိုရှောင်ပါ / မပြည့်ဝတဲ့ ဆီကိုစားပါ

အသင့်စား အစားအစာတွေနဲ့ တာရှည်ခံအောင်ပြုလုပ်ထားတဲ့ ဝက်အူချောင်း၊ကြက်အူချောင်းတွေဟာ ဆိုဒီယမ်နဲ့ ဓာတုပစ္စည်းတွေကိုလွန်ကဲစွာသုံးထားတာပါ။ ဒါကြောင့်ရှောင်ကိုရှောင်သင့်ပြီး တခြားအစားအသောက်ချက်ပြုတ်ရာမှာလည်း ထောပတ်တို့မာဂျရင်းတို့စားအုန်းဆီတို့ကိုရှောင်သင့်ပါတယ်။ ဆီနဲ့ပတ်သက်ရင် ပဲဆီ ၊ နှမ်းဆီ ၊ သံလွင်ဆီ တို့လို မပြည့်ဝဆီမျိုးကိုသာ သုံးသင့်ပြီး ငါးကြီးဆီများများပါတဲ့ ငါးတွေကိုစားသုံးခြင်းဖြင့် သင့်နှလုံးကို အမြဲကျန်းမာနေစေမှာပါ။

ဒါဟာ နှလုံးကျန်းမာရေးအတွက် အရေးကြီးတဲ့ အစားအသောက်နဲ့ နေထိုင်မှုပုံစံဖြစ်ပြီး ကိုယ့်ဟာကိုယ်ကျန်းမာရေးနဲ့သင့်တင်အောင်ရွေးချယ်ချက်ပြုတ်စားသောက်နိုင်ပါတယ်။ ဒါ့အပြင် ခါးမှာအဆီတွေစုလာပြီဆိုရင်လည်း နှလုံးအတွက်အန္တာရာယ်ရှိတာမို့ ကိုယ်အလေးချိန်ကိုမဖြစ်မနေလျှော့ချဖို့လိုပါတယ်။

ပြီးတော့ ခုနက အချက်တွေအားလုံးထက်ပိုပြီးထိရောက်တဲ့ အရေးကြီးဆုံးအချက်တစ်ချက်လည်းကျန်ပါသေးတယ်။ ဆေးလိပ်သောက်သူဆိုရင်ဆေးလိပ်ဖြတ်လိုက်ဖို့ပါပဲ။ ဆေးလိပ်ဖြတ်ခြင်းဟာ နှလုံး ၊ အဆုတ် တင်မက လူတစ်ကိုယ်လုံးအတွက်ကောင်းပါတယ်။ သင်တစ်ယောက်တည်းအတွက်တောင်မဟုတ်၊ သင့်မိသားစုနဲ့ သင့်ပတ်ဝန်းကျင်လေထုအတွက်လည်းကောင်းပါတယ်။ သင်ဟာ ဘာနှလုံးအားဆေးမှသောက်စရာမလိုဘဲ ဆေးလိပ်လေးဖြတ်လိုက်ရုံနဲ့တင် သင့်နှလုံးဟာ မူလထက် သုံးပုံတစ်ပုံပိုကျန်းမာသန်စွမ်းသွားပါတယ်။

နှလုံးကျန်းမာရေးနဲ့ပတ်သက်ပြီး အကြမ်းဖျဉ်းဆောင်ရန်၊ရှောင်ရန်လေးတွေကတော့ ဒီလောက်ပါပဲ။
မိဘပြည်သူများအားလုံးနှလုံးနဲ့ပတ်သက်ပြီး ဂရုတစိုက်ဆင်ခြင်စားသောက်နေထိုင်ခြင်းဖြင့် ကိုယ်စိတ်နှလုံး အမြဲကျန်းမာရွှင်ပြုံးနိုင်တဲ့ ဘဝလေးများပိုင်ဆိုင်နိုင်ကြပါစေလို့ အာရှတော်ဝင်ကနေ ဆုတောင်းဂါရဝပြုလိုက်ပါတယ်။