ဟော့ပေါ့နဲ့မာလာရှမ်းကောကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုစားမလဲ ?

လူမှန်ရင် အစားအသောက်ကောင်းကောင်းတပ်မက်ကြပါတယ်။ ဒီအစားအသောက်နှစ်မျိုးစလုံးဟာ မိသားစုတွေ၊ သူငယ်ချင်းတွေစုဖွဲ့ပြီး ပျော်ပျော်ရွှင်ရွှင် ဝိုင်းဖွဲ့စားသောက်လို့ကောင်းတဲ့ အစားအသောက်မျိုးပါ။ မာလာရှမ်းကောဟာ ခုနောက်ပိုင်းအရမ်းဟော့လာတဲ့ မော်ဒယ်တစ်ဦးဆိုရင် ဟော့ပေါ့ကတော့ အကယ်ဒမီရပြီးသားမင်းသမီးကြီးပေါ့။
ဟော့ပေါ့ရော မာလာရှမ်းကောရော ပျော်ရွှင်စွာစားသောက်လို့ ရပါတယ်။ ဒါပေမယ့် ဘယ်တော့မှ ကျန်းမာရေးကို သတိလက်လွတ်မခံပါနဲ့။ နှစ်မျိူးစလုံးမှာ အကျိုးနဲ့အပြစ်တွေရှိနေပါတယ်။ အာရှတော်ဝင်ကနေ အပြစ်တွေကိုရှောင်ပြီး အကျိုးပဲဖြစ်ထွန်းစေမယ့် စားပုံစားနည်းလေးကို မိဘပြည်သူများ ကျန်းမာရေးအတွက် မျှဝေပေးပါရစေ။
ဟော့ပေါ့ရဲ့ Key ဟာအရည် ဖြစ်ပြီး မာလာရှမ်းကော ရဲ့ Keyဟာ အနှစ်ပါ။ ပထမဆုံးဟော့ပေါ့စားမယ်ဆိုရင် စလုပ်ရမှာက အရည်ကောင်းကောင်းလေး ဖန်တီးဖို့ပါပဲ။ ဟော့ပေါ့နဲ့ အလိုက်ဖက်ဆုံးက ကြက်ပြုတ်ရည်ပါ။ ဆိုင်တွေမှာက ချက်ပြီးသားအရည်တွေ ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး အရသာအပေါ့ဆုံး လုပ်တတ်တဲ့ဆိုင်ကိုရွေးပါ။ ပြီးရင် အရသာဘယ်လောက် ပေါ့ပေါ့ ဘာအမှုန့်မှ ထပ်မထည့်ပါနဲ့တော့။ ဆိုင်တွေဟာ အချိုမှုန့်နဲ့ ကြက်သားမှုန့်ကို ပမာဏတစ်ခုထိသုံးစွဲပြီးဖြစ် လို့ပါပဲ။ နည်းနည်းလေးငန်တာကြိုက်မှသာ ဆားလေးနည်းနည်းထည့်လိုက်ပါ။ စပ်တာကြိုက်ရင် ငရုတ်သီးစိမ်းတောင့်လေးတွေထည့်ပေးပါ။
ဟော့ပေါ့အရည်ရဲ့ အချို/အချဉ်/အစပ် အရသာကို သဘာဝအတိုင်းဖြစ်အောင် လုပ်တာပဲကောင်းပါတယ်။ ဖြည့်စွက်အမှုန့်တွေမထည့်ပါနဲ့။ ငါးဖတ်လေး နည်းနည်းနဲ့ ဘူးညွှန့်တို့၊ ဖရုံညွှန့်တို့ထည့်ပြီး အချိုဓာတ်ရအောင် လုပ်နိုင်ပါတယ်။ ဟော့ပေါ့မှာရှောင်သင့်တဲ့ အရာသုံးခုရှိပါတယ်။ ကြက်ခြေထောက်၊ ကြက်နှလုံးနဲ့ ဝက်ဦးနှောက်ပါ။ ပြီးတော့ တခြားအဆီများတဲ့ အစိတ်အပိုင်းတွေကိုရှောင်ပါ။ ဘယ်တိရစ္ဆာန်တွေရဲ့ အဆီမဆို ပြည့်ဝဆီအမျိုးအစားဖြစ်တဲ့အတွက် နှလုံးကျန်မာရေးကို တော်တော် ဒုက္ခပေးပါတယ်။ မစားဘဲနေနိုင်ရင် အကောင်းဆုံးပါပဲ။ အသားနဲ့အရွက်ကိုတော့ မျှတအောင် စားသုံးသင့်ပါတယ်။
ပထမအဆင့်အနေနဲ့ အသားလွှာနည်းနည်းကို ဟင်းရွက်တွေဝန်ရံပြီးစားသုံးတာ အကောင်းဆုံးပါပဲ။ ကြက်သားလွှာ၊ ဝက်အသားလွှာ၊ အမဲသားလွှာများကို စားသုံးသင့်ပြီး သုံးထပ်သားကိုတော့ အနည်းငယ်သာစားသုံးပေးပါ။ အသားလွှာထဲမှာ အမဲသားလွှာကို များများပိုစားသင့်ပါတယ်။ အမဲသားလွှာတစ်ပြားမှာပါတဲ့ ကယ်လိုရီက ဝက်သားလွှာမှာပါတဲ့ ကယ်လိုရီထက်တစ်ဝက်ပိုနည်းပါတယ်။ နောက်ပြီး ပုဇွန်နဲ့ပတ်သက်ပြီး သိထားသင့်တာလေးရှိပါတယ်။ ပုဇွန်ကို အခွံပါထည့်ပြုတ်ကြီး စားခါနီးမှအခွံချွတ်တာဟာ အာဟာရအတွက် ပိုကောင်းသလို အရသာပိုင်းဆိုင်ရာမှာလည်း ရှယ်ဖြစ်စေပါတယ်။
ဟင်းရွက်နဲ့ပတ်သက်ပြီးတော့ကတော့ ဂေါ်ရခါးညွှန့်၊ ပြောင်းဖူး၊ ကညွှတ်၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ မုံညင်း၊ ဟင်းနုနယ်နဲ့ ကန်စွန်းရွက်တို့ကို ဆူပွက်နေတဲ့အပူချိန် မှာ ချက်ချင်းပြုတ်ပြီး လတ်လတ်ဆတ်ဆတ် ပူပူနွေးစားသုံးသင့်ပါတယ်။ ဟင်းရွက်တွေထည့်ပြီး ဆယ်တာကြာသွားလို့ နွမ်းသွားရင် မစားသင့်ပါ။ ပြီးတော့ အရေးကြီးတာ တို့ဟူးပါ။ တို့ဟူးမကြိုက်ရင်တောင် မဖြစ်မနေထည့်စားတတ်တဲ့အကျင့်လုပ်ပါ။ တို့ဟူးဟာ ဦးနှောက်နဲ့ နှလုံးကို အင်မတန်အကျိုးရှိစေပါတယ်။ ဝက်အူချို၊ အူမတွေကိုတော့ တစ်ယောက်ကိုပွဲငယ်တစ်ပွဲစာထက်ပိုမစားသင့်ပါ။ ပင်လယ်စာပိုင်းမှာတော့ ငါး၊ ပြည်ကြီးငါး၊ ဂဏန်း၊ ဂုံးတို့ကို စားလို့ရပါတယ်။ သတိထားရမှာက ငါးဖယ်လုံးဆိုတာပါပဲ။ ဆိုင်တွေရောက်ရင် ဘာအလုံး၊ညာအလုံးနဲ့ ready made အသားလုံးတွေကိုတတ်နိုင်သလောက် ရှောင်စားတာအကောင်းဆုံးပါပဲ။ ပြီးတော့ တချို့ဟာ အာလူးထည့်စားတတ်ကြပါတယ်။ ဟော့ပေါ့ဆိုရင် အာလူးလျှော့စားပေးပါ။ အာလူးအစား မှိုအမျိုးမျိုးကိုစားလို့ရပါတယ်။ အာလူးတစ်ဂရမ်မှာပါတဲ့ ကယ်လိုရီက တခြားမှိုနဲ့ ဟင်သီးဟင်းရွက်တွေစုစုပေါင်းတစ်ဂရမ်ထက် ကယ်လိုရီ ၃ဆကျော်ပိုများပါတယ်။ နောက်ပြီးတွဲဖက်မယ့် appetizer တွေကိုလည်း ဆီနဲ့ ကြော်တာတွေမစားဘဲ အသုပ်တစ်မျိုးမျိုးကိုရွေးချယ်စားသုံးသင့်ပါတယ်။ ထမင်းကြော်ဟာ ဟော့ပေါ့နဲ့ လုံးဝမလိုက်ဖက်ပါဘူး။ သောက်စရာကိုတော့ ရွေးချယ်ရခက်ပါတယ်။ ရေတစ်မျိုးတည်းကိုသာသောက်သုံးသင့်တာပါ။ တကယ်တော့ ဘီယာနဲ့ဟော့ပေါ့ ဟာမလိုက်ဖက်ပါဘူး။ ပြီးတော့တခြား Chemical ပါတဲ့ အချိုရည်တွေလည်း ဟော့ပေါနဲ့ လုံးဝတွဲဖက်မသောက်သုံးသင့်ပါ။ ရေတစ်မျိုးတည်းကိုသာ ဟော့ပေါ့နဲ့တွဲဖက်သောက်သုံးသင့်ပြီး အချိုကြိုက်တယ်ဆိုရင်တော့ အသီးချည်းပဲသက်သက်ဖျော်ပေးတဲ့ သဘာ၀ Fresh Juice ကိုသာသောက်သုံးသင့်ပါတယ်။
ကဲ…… မိတ်ဆွေတို့ရေ။ ဟော့ပေါ့ အကြောင်းပြောတာနဲနဲရှည်သွားပါတယ်။ ဘာလို့လဲဆိုတော့ မာလာရှမ်းကောနဲ့ဟော့ပါဟာ အရသာတစ်မျိုးစီဖြစ်ပေမယ့် ပါဝင်ပစ္စည်းတွေဟာ ၈၀ % လောက်တူညီကြပါတယ်။ မာလာရှမ်းကောကို အရည်နဲ့ စားတာမျိုးဟာ မာလာဟော့ပေါ့ပါပဲ။ မာလာရှမ်းကောရဲ့ အရသာဟာ အနှစ်မှာတည်ပါတယ်။ ပြီးတော့ ကြာစွယ်ကစလို့ ကိုယ်ထည့်နေကျ ဟင်းသီးဟင်းရွက်တွေရဲ့လတ်ဆတ်မှုပါ။ ဟော့ပေါ့နဲ့မတူတာက ကိုယ်ကအိမ်မှာလုပ်စားသည်ဖြစ်တာတောင် ဂျင်းနဲ့ကြက်သွန်ဖြူကို ဆီသတ်ရသေးတာကြောင့် ယုံကြည်စိတ်ချရတဲ့ ဆီကောင်းဆီသန့် တံဆိပ်ကိုပဲသုံးစေချင်ပါတယ်။ နောက်ပြီးလူတွေအတွက် အစပ်အရသာဟာလိုအပ်ပေမယ့် မာလာရှမ်းကောဟာစပ်တိုင်းလည်းမကောင်းပါဘူး။ မာလာရှမ်းကောရဲ့အနှစ်မှာ ငရုတ်သီးခြောက်ကိုထည့်သွင်းအသုံးပြုရတာကြောင့်ဖြစ်နိုင်ရင်မာလာရှမ်းကောကိုဒီအတိုင်းထိုင်စားတာထက်စာရင် ထမင်းပူပူနွေးနွေးနဲ့ တွဲဖက်စားသုံးတာဟာ ပိုပြီးသင့်တော်ပါတယ်။ အရည်အနေနဲ့စားသုံးမယ်ဆိုရင် ပိုပြီးအစပ်ကိုလျှော့သင့်ပါတယ်။ နှမ်းမှုန့် အနည်းငယ်သာဖြူးပြီး မြေပဲထောင်းများများထည့်ကာ အစိမ့်နဲ့အစပ်သဘောမျိုးစားသုံးမယ်ဆိုရင် အစာအိမ်အတွက်ပိုမိုကောင်းမွန်ပါတယ်။ ပြီးတော့ အသားအနေနဲ့က ကြက်သားကို ပိုမိုရွေးချယ်စေချင်ပြီး မာလာရှမ်းကောမှာ မဖြစ်မနေထည့်လေ့ရှိကြတဲ့ ကြက်အူချောင်းကိုတော့ အနည်းငယ်သာသုံးစွဲဖို့ အကြံပြုပါတယ်။
ကျွန်တော်တို့ဟာ စားစရာအကြောင်း ဘာလို့ တင်ပြပေးလဲဆိုတော့ လူတွေဟာ ချစ်ရတဲ့မိတ်ဆွေတွေ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အမြဲတမ်း ဝိုင်းဖွဲ့စားသောက်ခြင်းကို ခုံမင်တတ်ကြပါတယ်။ တကယ်လည်း ပျော်ရွှင်ရတဲ့ ခံစားမှုပါ။ ခုနောက်ပိုင်း ရန်ကုန်ရဲ့ အစားအသောက်ယဉ်ကျေးမှုမှာ ဟော့ပေါ့သွားစားတာတွေ မာလာရှမ်းကောသွားစားတာတွေဟာ ထိပ်တန်းကနေရာယူလာပါတယ်။ အဲ့ဒါကြောင့်စားသောက်တဲ့အခါမှာ ပေါ့ပေါ့တန်တန် ကြိုက်နှစ်သက်ရာစားမိပြီး အဝလွန်ခြင်းနဲ့ အခြားနှလုံး၊သွေးတိုးဆိုင်ရာရောဂါတွေကိုဖိတ်ခေါ်သလိုမဖြစ်ရအောင်နဲ့ မိတ်ဆွေများအားလုံး ကျန်းမာရေးနဲ့ညီညွတ်ပြီး ပျော်ရွှင်စွာစားသောက်နေထိုင်နိုင်အောင် အာရှတော်ဝင် ဆေးရုံကြီးမှ အကြံပြုတင်ပြလိုက်ခြင်းပဲဖြစ်ပါတယ် ခင်ဗျာ။